မသင်းပျံ့တဲ့ ခံတွင်းရနံ့
ခံတွင်းနံ့ဆိုးတဲ့သူတွေနဲ့ ကြုံဖူးကြလား။ ဒါမှမဟုတ် ကိုယ်တိုင်ဖြစ်ဖူးကြလား။
ခံတွင်းနံဆိုးတာဟာ ဘေးလူအနေနဲ့ဆိုရင် မနှစ်မြို့စရာကောင်းသလို ကိုယ်ကိုယ်တိုင် ဖြစ်တာဆိုရင်လည်း တကယ့်ကို စိတ်အနှောက်အယှက် ဖြစ်စရာ ကိစ္စတစ်ခုပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးစေသလို စိတ်ဖိစီးမှုလည်း ဖြစ်စေပါတယ်။
ဒါ့ကြောင့် ဒီဆောင်းပါးမှာ မသင်းပျံတဲ့ ခံတွင်းရနံအကြောင်းကို ပြောပြပေးသွားမယ်နော်။
ခံတွင်းအနံ့ နံစေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အစားအစားတွေ၊ အမူအကျင့်တွေကြောင့် ဖြစ်တာရှိသလို ရောဂါတချို့ကြောင့်လည်း ဖြစ်နိုင်တာမို့ မပေါ့ဆစေချင်ပါဘူး။
ဘာတွေကြောင့် ခံတွင်းနံ့ဆိုးရတာလဲ?
(1) အစားအစာတွေ
ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဒညင်းသီးတွေ ၊ တချို့ဟင်းခတ်အမွှေးအကြိုင်တွေ စားပြီးတဲ့အခါ ပါးစပ်က နံနေတာကို ကြုံးဖူးကြမှာပါ။ အဲဒီအနံတွေကို မကြိုက်တဲ့သူ၊ မစားတဲ့သူအတွက်တော့ တပါးသူဆီက အနံ့ရနေတာဟာ တကယ်ကို ငရဲလို ဖြစ်နေမှာပါပဲ။
(2) ဆေးလိပ်နဲ့ ဆေးရွက်ကြီး
ဆေးလိပ်သောက်တဲ့သူတွေရဲ့ ခံတွင်းက ဆေးလိပ်နံ့ထွက်နေတာမျိုးလည်း အလားတူပါပဲ။ အထူးသဖြင့် ဆေးလိပ်စွဲသောက်တဲ့သူတွေရဲ့ အနားကိုရောက်ရင် ပိုသိသာပါတယ်။ ဆေးလိပ်နံ့ မခံနိုင်တဲ့သူဆိုရင် ထွက်ပြေးချင်မိပါလိမ့်မယ်။
(3) ကွမ်း
ကွမ်းနံ့ကလည်း တကယ့်ကို သိသာပြီး ကြိုက်တဲ့သူဆိုမွှေးပေမယ့် မကြိုက်တဲ့သူအတွက်တော့ စူးရှပြီး နံနေတာမျိုးပါ။
(4) ခံတွင်းသန့်ရှင်းရေးအားနည်းတဲ့သူတွေ
သွားတိုက်တာကို ပုံမှန်မလုပ်တဲ့သူတွေ၊ သေချာမလုပ်တဲ့သူတွေမှာ အစာအကြွင်းအကျန်တွေဟာ သွားကြားထဲမှာ ကပ်ကျန်နေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။ သွားချီးလို့ခေါ်တဲ့ သွားချိုးတွေ သွားအရင်းသွားဖုံးနဲ့ကပ်လျက်မှာ ပေါ်လာပြီး ရေစီးကမ်းပြိုတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံလည်း ဆိုးစေပါတယ်။
(5) အာခေါင်ခြောက်တဲ့အခါ
တံတွေးထွက်ခြင်းဖြင့် ခံတွင်းကို သန့်ရှင်းပေးပါတယ်။ တံတွေးထွက်တာ နည်းတဲ့အခါ ခံတွင်းနံ့နံလာပါလိမ့်မယ်။ ပုံမှန်အားဖြင့် အိပ်တဲ့အချိန်မှာ တံတွေးထွက်တာနည်းတဲ့အတွက် မနက်အိပ်ယာထတဲ့အခါ ခံတွင်းနံနံနေတတ်တာပါ။ တံတွေးဂလင်းတွေမှာ ချို့ယွင်းချက်ရှိ့လို့ တံတွေးထွက်တာနည်းရင်လည်း ခံတွင်းနံ့နံစေပါတယ်။
(6) ဆေးတွေ
တချို့ဆေးတွေက အာခေါင်ခြောက်စေလို့ ခံတွင်းအနံရစေတာဖြစ်ပြီး တချို့ကတော့ ခန္ဓာကိုယ်က ဖြိုခွဲချေဖျက်လိုက်ပြီး ထုတ်ပေးလိုက်တဲ့ ဓာတုပစ္စည်းတွေက အသက်ရှူတဲ့အခါ အနံရစေတာပါ။
(7) ရောဂါပိုးဝင်ခြင်း
သွားပိုးစားတာ၊ သွားဖုံးရောဂါဖြစ်တာ၊ ပါးစပ်မှာ အနာပေါက်တာ နဲ့ ခွဲစိတ်ကုသပြီးတဲ့အခါတွေမှာလည်း ခံတွင်းအနံ့နံတတ်ပါတယ်။ ဒါ့အပြင် အားသီးမှာ ကျောက်တည်ပြီးပိုးဝင်တဲ့အခါ၊ အားသီးရောင်တဲ့အခါ၊ သွားတုတပ်ထားတာက အဆင်မပြေလို့ သန့်ရှင်းရေးလုပ်တဲ့အခါ စားကြွင်းစားကျန်တွေကပ်ကျန်ခဲ့တာမျိုးကလည်း ခံတွင်းနံ့နံစေပါတယ်။ နှာစေးနှာခေါင်းပိတ်ပြီး ထိပ်ကပ်နာလို နာတာရှည်ရောဂါဖြစ်တဲ့အခါ နှာခေါင်းအတွင်းက အရည်တွေက ပါးစပ်ထဲကို ကျလာတဲ့အတွက် ခံတွင်းနံ့ဆိုးနိုင်ပါတယ်။
(8) တခြားရောဂါတွေ
မေးရိုးနဲ့ ခံတွင်းကင်ဆာရောဂါတွေ၊ GERD လို့ခေါ်တဲ့ အစာအိမ်ထဲက အက်ဆစ်ရည်တွေက အပေါ်ကို ပြန်တက်ပြန်အန်ထွက်စေတဲ့ရောဂါတွေကလည်း ခံတွင်းနံ့နံရခြင်းရဲ့ အကြောင်းတစ်ခုပါ။
ကိုယ့်ရဲ့ခံတွင်းနံ့က ဆိုးသလားဆိုတာ ကိုယ့်ဘာသာပြန်သိဖို့ ခဲယဥ်းနိုင်ပါတယ်။ အနီးစပ်ဆုံး သူငယ်ချင်းတွေ၊ မိသားစုတွေကို မေးကြည့်ရင်တော့ သိနိုင်မှာပါ။ တချို့က အနံသိပ်မဆိုးပေမယ့်လည်း နေရခက်နေလေ့ရှိပြီး တချို့ကတော့ ခံတွင်းနံ့အရမ်းဆိုးနေရင်တောင် အားမနာတမ်းပြောတဲ့သူနဲ့မှ သိရတာမျိုးပါ။
ဘာလုပ်မလဲ?
- အစာစားပြီးတိုင်း သွား၊ သွားဖုံးနဲ့ လျှာတွေကိုတိုက်တာ
- သွားတိုက်ကြိုးသုံးတာ
- ခံတွင်းသန့်စင်ဆေးရည် mouth wash တွေသုံးတာ
- အနံ့ရှိတဲ့အစာတွေစားပြီးတိုင်း ပီကေဝါးတာတွေ လုပ်လို့ရပါတယ်။
အထက်ပါအတိုင်းလုပ်လို့မှ မသက်သာရင်တော့ သွားဆရာဝန်နဲ့ ပြသပြီး သွားနဲ့ခံတွင်းကျန်းမာရေးကို စစ်ဆေးတာက အကောင်းဆုံးပါ။
Healtppyရဲ့ စာဖတ်ပရိတ်သတ်ကြီးလည်း မသင်းပျံ့တဲ့ ခံတွင်းရနံ့တွေပျောက်ပြီး ယုံကြည်မှုရှိရှိ ပါးစပ်အကျယ်ကြီး ဟနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်